မြင့်မိုရ်တောင်


မြင့်မိုရ်တောင်



မြင့်မိုရ်တောင် (မြင့်မိုရ်တောင်) စကြဝဠာ အလယ်ဗဟို ယူဇနာ တသိန်းခြောင်သောင်း ရှစ်ထောင်-မြင့်သော



မြင့်မိုရ်တောင်သည် တည်ရှိနေ၏။ ယူဇနာ ရှစ်သောင်း လေးထောင်သည် သမုဒ္ဒရာရေတွင် နစ်မြှုပ်နေ၏။



အထက်ပိုင်း မြင့်တက်နေသော အတိုင်းအတာမှာ ယူဇနာ ရှစ်သောင်း လေးထောက်-ရှိ၏။ ထို့ကြောင့် ရှစ်သောင်း လေးထောင်-အမြင့်ဆောင်သော မြင်းမိုရ်တောင်ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။



ထိုမြင့်မိုရ်တောင်ကြီး၏ ပတ်ဝန်းကျင်၌ သီတာခေါ် မြစ်တစင်းက တံတိုင်းခတ်သလို ပတ်ရံလျက် ရှိနေလေ၏။ ထိုသီတာ၏ပြင်ဘက် ယုဂန္ဓိုရ်တောင် တည်ရှိသည်။ အမြင့်မှာ မြင်းမိုရ်တောင်၏ တဝက်သာမြင့်၍ သမုဒ္ဒရာရေအတွင်းသို့ တဝက်ဝင်နေသည်။ ထိုယုဂန္ဓိုရ်တောင် ပြင်ဘက် သီတာမြစ်ခြား၍ ဣသိန္ဓိုရ်တောင် တည်ပြန်၏။ ပြင်ဘက်တွင် သီတာမြစ် ခြားပြန်၏။



ဤနည်းအတိုင်း မြင့်မိုရ်တောင်ကို သီတာ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြသည်။ ထိုတောင်များ၏ ပြင်ဘက်၌ သမုဒ္ဒရာရေပြင်ကြီးသည် စကြာဝဠာတံတိုင်းအထိ တည်ရှိလေသည်။ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင့်မိုရ်တောင်အရှေ့ဘက်၌ အရှေ့ကျွန်း၊ ထို့အတူ တောင်၊ နောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ်ကြသည်။

(နတ်ပြည်)



နတ်ပြည်၊ ဗြဟ္မာ့ပြည် ပေါ်ထွန်းလာပုံမှာ ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။ နေလ၊ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်၌ ပါဝင်သော ဘုံဗိမာန်များဟု ဆိုသည်။ မြင်းမိုရ်တောင်ထိပ်ပေါ်၌ တာဝတိံသာ နတ်ပြည်တည်ရှိ၏။ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည် လေးထပ်ကား မြေကြီးနှင့် လုံးဝမစပ်ဘဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ တည်ရှိလေသည်။ ဗြဟ္မာဘုံများလည်း ထို့အတူပင်ဖြစ်၏။

မြင့်မိုရ်တောင်၏ ပုံသဏ္ဌာန်



မြင့်မိုရ်တောင်သည် အလယ်ပူ၍ အထက်ရှူးနေသော မရိုးစည်လုံးသဏ္ဌာန် ရှိလေသည်။ တောင်ခါးပန်းစွန်း ဆင်ဝင်အဆင့် ငါးဆင့်ရှိကုန်၏။ ၄င်းကို အာလိန်ငါးဆင့်ဟု ခေါ်ဆို၏။ ပထမအာလိန်သည် ရေ၏အထက် ပေါ်နေရကား ထိုနေရာတွင် နဂါးမင်းနှင့် မြွေမျိုးတို့နေကြ၏။



ဒုတိယအာလိန်အဆင့်ကား လက်ပံတောကြီး၌ ဂဠုန်မင်းတို့ နေကြကုန်၏။ တတိယအာလိန်အဆင့်ကား ကုမ်ဘဏ်တို့ နေကြကုန်၏။ စတုတၳအာလိန်အဆင့်ကား ဘီလူးရက္ခိုသ်တို့ နေကြကုန်၏။ ပဉ္စမအာလိန်အဆင့်ကား မြင့်မိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏ ထိပ်နှင့် ညီမျှ၍ ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ အမည်ရှိသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ဖြစ်၏။



မြင်းမိုရ်တောင်၏ အရှေ့ဘက်မျက်နှာ ဓတရဋ္ဌနတ်မင်း။ တောင်ဘက်မျက်နှာ ဝိရူဠကနတ်မင်း။ အနောက်မျက်နှာ ဝိရူပက္ခနတ်မင်း။ မြောက်မျက်နှာ ကုဝေရနတ်မင်းများ နေကြကုန်၏။



မြင်းမိုရ်တောင်၏ အရောင်အဆင်းမှာ- အရှေ့မျက်နှာ ငွေရောင်။ အနောက်မျက်နှာ ဖန်ရောင်။ တောင်မျက်နှာ ဣန္ဒနီလာ မြရောင်။ မြောက်မျက်နှာ ရွှေရောင် ဖြစ်၏။



(အသုရာပြည်) မြင့်မိုရ် သတ္တရဗ်ဘန်တောင်အတွင်း၌ အပေါက်လိုဏ်ခေါင်း ယူဇနာ နှစ်သောင်း အကျယ်အပြော ရှိ၏။ မြင့်မိုရ်တောင်မင်း၏အောက်၌ ခုံလောက်သုံးခု ခံလျက်ရှိ၏။ ခုံလောက်တခုသည် တခဲနက် နီရဲသော ပတ္တမြားကျောက်ဖြင့် ပြီး၏။ အခြားတခုမှာ နီလာကျောက်ပြားခဲကဲ့သို့ ရှိ၏။ အခြားတခုမှာ မြရောင်စိမ်းစိမ်းရှိလျက် ထွန်းလင်းတောက်ပ၏။ မြင့်မိုရ်တောင်အောက် မြခုံလောက်အကြား၌ အသုရာပြည် ရှိလေ၏။



ဦးဘသော် (ကသာ) ကျမ်းကိုး။ ။ အရှင်ဇနကာဘိဝံသ-ရေး ကိုယ်ကျင့်အဘိဓမ္မာကျမ်း။ အရှင်သြဘာသာဘိယံသ ပြုစုသော သုတေသနသရုပ်ပြ အဘိဓာန်။ စစ်ကဲတော်ကြီး ဦးရွှေနော် စီရင်သော အာဒိကပ္ပ ကမ်ဘာဦးကျမ်း။



(ငွေတာရီမဂ္ဂဇင် ၂၀၀၀-ပြည့်နှစ် အောက်တိုဘာလ)



မူရင်းတင်သူအား #Credit ပေးပါသည်။















Comments