“ဘီလ်ဂိတ်၏ အောင်မြင်ရေး မဟာဗျူဟာ (၁၇ ) ချက်”

ဗဟုသုတ, လူမှု့ဘဝ, ကြီးပွားရေး

ဘီလ်ဂိတ်ကို မသိတဲ့သူမရှိသလောက်မို့သူ့အကြောင်း အကျဉ်းပဲ မိတ်ဆက်ပေးထားပါတယ်။

လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာ…

မိုက်ခရိုဆော့ကမ်ပဏီထူထောင်ခဲ့သူ…

ကွန်ပျူတာနည်းပညာတစ်ခေတ်ပြောင်းလဲနိုင်ခဲ့သူ…

အင်မတန်အလုပ်များပြီး အင်မတန်နှလုံးလှတဲ့ ပရဟိတသမား..

ဘယ်လိုမျိုးခံယူချက်တွေက သူ့ကို စင်မြင့်ထက်ပေါ်ပို့ဆောင်ပေးခဲ့သလဲ လေ့လာကြည့်ရအောင်ပါ။

(၁) စွမ်းအားအပြည့်ရှိပါစေ။

ကျွန်တော် မိုက်ခရိုဆော့ဖ် ကို စတင်ထူထောင်ချိန်က ငွေကြေးစိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ ဘယ်နားမှာ အလုပ်လျှောက်လျှောက် အလုပ်ရဖို့မခက်ပေမယ့်လည်း အိမ်က အမေကတော့ ဟားဗက်ကို ပြီးအောင်တက်စေချင်ခဲ့တယ်။ နောက်ပိုင်းအဆင်ပြေလာတော့ ဟားဗတ်မှာ ကျောင်းပြီးသွားတဲ့ မိတ်ဆွေတွေကပဲ မိုက်ခရိုဆော့ဖ်ကို ရောက်လာပြီး လစာကောင်းကောင်းပေးဖို့လာတောင်းဆိုကြတယ်။ ကမ်ပဏီတစ်ခုကို စထောင်မယ်ဆိုရင် စွမ်းအားတွေအများကြီးလိုပါမယ်။ အခက်အခဲတွေအများကြီးကြုံရမယ်။ ငွေပိုငွေလျှံများများရှိရင်တော့ ပိုကောင်းပါတယ်။ လခစားအလုပ်မျိုးနဲ့မတူဘဲ တကယ့်ကို ရင်ခုန်စရာကောင်းပါတယ်။ နေ့စဉ်နေ့တိုင်း ဖောက်သည်တွေရှိရာကို သွားရတယ်။ ဘာဖြစ်မယ် ဘာမဖြစ်ဘူး ကြိုတင်မသိပါဘူး။ ပထမ၂ နှစ် ၃နှစ်ကတော့ စိန်ခေါ်မှုတွေ အများကြီးကြုံခဲ့ရပါတယ်။

(၂) အရှုံးထဲကအမြတ်ထွက်အောင် နှလုံးသွင်းပါ။

ကျွန်တော်နဲ့အတူတူ ကျောင်းထွက်ကြတဲ့ တစ်နှစ်ထဲသမားတွေထဲမှာ ကျွန်တော်ဟာ အထူးချွန်ဆုံးဖြစ်ခဲ့ပါတယ်။

ကျွန်တော့်ကို အားကျလို့ကျောင်းထွက်ပြီး ဖြစ်ဖြစ်မြောက်မြောက်ဖြစ်သွားသူတွေ ပေါ်ထွက်လာပါသေးတယ်။ ကျောင်းထွက်ရမယ်လို့တော့မဆိုလိုပါဘူး။

အကြောင်းကြောင်းကြောင့် ကျောင်းဆက်မတက်ဖြစ်ပေမယ့်လည်း အခွင့်အလမ်းတွေ ရှိနေသေးတာကို နှလုံးသွင်းစေချင်တာပါ။

ဘာပဲဖြစ်ဖြစ် ဟားဗက်ကျောင်းထွက်ခဲ့ရသူတွေထဲကမှ အအောင်မြင်ဆုံးဖြစ်ရတာ အင်မတန်ဂုဏ်ယူမိပါတယ်။

ဒါကြောင့်လည်း ဟားဗတ်က ဘွဲ့ရကျောင်းသားတွေကို ရွေးပြီး မိန့်ခွန်းပြောခိုင်းတာပါ။ အကယ်လို့ခင်ဗျားတို့ကို အကြိုမိန့်ခွန်းပြောခိုင်းရင်တော့ ဒီနေ့မှာ ဒီလိုတွေ့ရမယ်တောင်မထင်ပါဘူး။ (ဟားဗတ် ဘွဲ့ရကျောင်းသားများဂုဏ်ပြုပွဲ အခမ်းအနား မိန့်ခွန်းမှ)

(၃) အလုပ်ကြိုးစားပါ။

ကျွန်တော့်ရဲ့ အချိန်ကို ဘယ်လိုစီမံသလဲ ပြောပြပါ့မယ်။ ကျွန်တော်အားလပ်ချိန်ဆိုတာမရှိသလောက် အလွန်အလုပ်များပါတယ်။ တစ်နေ့တစ်နေ့ဝင်လာတဲ့ မက်စေ့ချ်တွေ အများကြီးပါ။နောက်ဆုံးအိပ်ချိန်ထိအောင် အလုပ်လုပ်ရတာမျိုးတွေရှိပါတယ်။ စနေတနင်္ဂနွေမှာဆိုရင်လည်း အီးမေလ်တွေ ပြန်ရတာမနည်းလှပါဘူး။ ကျွန်တော် တစ်နှစ်ကို နှစ်ပတ်အချိန်ယူပြီး အလုပ်နားပါတယ်။ အဲ့ဒီနှစ်အတွင်းမှာ လုံးဝအလုပ်မလုပ်ပါဘူး။တွေးတယ် ..ဖတ်တယ်..အနာဂတ်အတွက် စနစ်တကျကြံစည်ပါတယ်။ ကျွန်တော်ရဲ့အချိန်တွေရဲ့ ၂၅%ကတော့ ခရီးထွက်ပါတယ်။ ကိုယ်ချဲ့ထွင်ထားတဲ့လုပ်ငန်းတွေ အဆင်ပြေရဲ့လားသွားကြည့်ရပါတယ်။ ခုချိန်ထိ အမြဲတမ်းကြိုးစားရှင်သန်နေဆဲပါ။

(၄) ကိုယ့်ရဲ့အနာဂတ်ကို ဖန်တီးပါ။

ကျွန်တော် အသက်ငယ်ငယ် မိုက်ခရိုဆော့ဖ်ကို စတင်ခဲ့တုန်းကဆိုရင်လည်း စနေနဲ့တနင်္ဂနွေလိုပိတ်ရက်နဲ့ပိတ်ရက်ရှည်တွေမှာ အနာဂတ်မှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိလာနိုင်သလဲ…ဖောက်သည်တွေက ဘယ်လို လိုအပ်ချက်တွေတောင်းဆိုလာမလဲဆိုတာကို အမြဲတမ်း ဆန်းသစ်ကြံစည်ခဲ့ပါတယ်။ အဲ့သလို စိတ်ကူးကြံစည်မှုတွေကြောင့်လည် မိုက်ခရိုဆော့ဖ်ဟာ ယနေ့လိုအောင်မြင်လာရတာပါ။ ဒါ့ကြောင့် အောင်မြင်ချင်တဲ့သူဟာ ကိုယ့်ရဲ့အနာဂတ်ကို ဘယ်လိုပုံဖော်မလဲ ဘယ်လိုဖန်တီးမလဲဆိုတာ တကယ့်ကို လုပ်သင့်လုပ်ထိုက်တဲ့အရာဖြစ်ပါတယ်။

(၅) ကိုယ်ပျော်တဲ့အလုပ်ကိုရွေးချယ်ပါ။ စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ပါ။

ကိုယ်ပျော်တဲ့အလုပ်ကို လုပ်မှလည်း အမြဲတမ်းလုပ်နိုင်မှာပါ။ ကျွန်တော်ကတော့ လူတော်တွေ၊ အင်မတန်ထူးချွန်တဲ့သူတွေနဲ့ဝန်းရံပြီး စိန်ခေါ်မှုပြသနာတွေကို ဖြေရှင်းနေရရင်ပျော်နေတာပါပဲ။ ကိုယ်ပျော်တဲ့အလုပ်ကိုရွေးချယ်လိုက်တာဟာ ကျွန်တော့်အတွက် အမှန်ကန်ဆုံးဖြစ်ခဲ့ပါတယ်။ တစ်ခုခုအောင်မြင်တယ်ဆိုရင်လည်း ကိုယ့်ရဲ့အောင်မြင်မှုမှာ မသာယာမိဖို့အမြဲသတိထားပါတယ်။ ဒါမှလည်း နောက်ထွက်ပေါ်လာမယ့်စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နိုင်မှာဖြစ်လို့ပါ။

(၆) ကျွမ်းကျင်သူများထံမှ အကြံဉာဏ်ရယူပါ။

ယနေ့အထိ ကျွန်တော့်အဖေရယ်..အမျိုးသမီးရယ်နဲ့တိုင်ပင်နေဆဲပါ။ ကိုယ်လေးစားရသူ၊ ယုံကြည်ရသူတွေ၊ ကိုယ့်ထက်တော်တဲ့လူတွေကို ကိုယ်မသိတာကို အမြဲမေးပါတယ်။ ကောင်းမွန်တဲ့အကြံဉာဏ်တွေရယူခဲ့လို့လည်း အများကြီးတိုးတက်ခဲ့ပါတယ်။

(၇) လူကောင်းတွေနဲ့ဝန်းရံပါ။

လုပ်ငန်းတစ်ခုလုပ်မယ်၊ ကမ်ပဏီတစ်ခုထောင်မယ်လို့စိတ်ကူးမယ်ဆိုရင်တော့ ထူးချွန်ထက်မြက်တဲ့လူတော်တွေနဲ့ဝန်းရံဖို့သိပ်အရေးကြီးပါတယ်။ သူတို့ရဲ့အကူအညီမပါဘဲ လုပ်ငန်းကြီးအောင်လုပ်ဖို့မဖြစ်နိုင်ပါဘူး။ သိပ်တော်တဲ့လူတွေက ကိုယ့်ရဲ့အခက်အခဲအတားအဆီးတွေကို ဝိုင်းပြီးဖယ်ရှားပေးနိုင်သလို ကိုယ်မှားနေတာတွေကိုလည်း ထောက်ပြလမ်းညွှန်ပေးနိုင်လို့ပါ။

(၈) အချိန်မဆွဲပါနဲ့။

ကျွန်တော်ငယ်ငယ် ကျောင်းသားဘဝတုန်းက အကျင့်ဆိုးရှိခဲ့တယ်။ လူတတ်ကြီးလုပ်တာပေါ့ဗျာ။ စာမကျက်ဘဲနေမယ်…စာမေးပွဲနီးလို့နှစ်ရက်အလိုမှကပ်ပြီးကျက်မယ်။ ပြီးရင် သူများကို လျှောက်ကြွားမယ်။ တကယ့်လုပ်ငန်းခွင်ရောက်ပြီး အတော့်ကို စိတ်ပျက်မိတယ်။ ဘယ်သူမှကျွန်တော့်ကိုအကောင်းမပြောကြဘူးလေ။ တကယ့်လက်တွေ့ဘဝမှာတော့ ကြိုကြိုတင်တင်လုပ်တာ၊ ပြင်ပြင်ဆင်ဆင်ရှိနေတာ သေသေသပ်သပ်လုပ်တာပဲကောင်းပါတယ်။ အချိန်ဆွဲတယ်ဆိုတာ တကယ့်ကိုဆိုးရွားတဲ့အလေ့အကျင့်ပါ။

(၉) အိပ်မက်တွေကို အကောင်အထည်ဖော်ပါ။

ကျွန်တော် မိုက်ခရိုဆော့ဖ်စထောင်စက IBM လို Company တွေနဲ့ထိပ်တိုက်ယှဉ်ပြိုင်မှုတွေနဲ့စခဲ့ရတယ်။ ကိုယ့်ဖက်က သူများနဲ့မတူအောင် တမူထူးအောင် ဘယ်လိုဆန်းသစ်ရမလည်း အမြဲတမ်းကြံဆခဲ့ရပါတယ်။ သာမန်အများစုပြောတဲ့ လခကောင်းကောင်းနဲ့အလုပ်လုပ် အိမ်ကြီးကြီးဝယ်ပြီး အေးအေးသာသာနေရတဲ့ အမေရိကန်အိပ်မက်တွေနောက်ကို မလိုက်ခဲ့ပါဘူး။ ဒါ့ကြောင့် ကိုယ်ဘာဖြစ်ချင်လဲ ဘယ်လိုစိတ်ကူးကြံစည်မှုတွေရှိသလဲ သိအောင်လုပ်ပါ။ လက်တွေ့အကောင်အထည်ဖော်ကြဖို့ပဲ လူငယ်တွေကို ပြောချင်ပါတယ်။

(၁၀) အမြဲတမ်းလေ့လာသင်ယူပါ။

ကျွန်တော်တို့ငယ်တုန်းက သိချင်တာတွေကို စာအုပ်ပုံတွေကြားရှာဖွေရတယ်။ ခုခေတ်ကတော့ ကိုယ်သိချင်သမျှ အင်တာနက်ပေါ်မှာ အလွယ်တကူလေ့လာနိုင်တဲ့ သင်တန်းတွေလေ့လာစရာတွေ အမျိုးမျိုး ပေါ်လာနေပြီ။ ဒီအခွင့်အလမ်းကို လက်လွှတ်မခံပါနဲ့လို့ပဲပြောရမှာပါပဲ။ ကျွန်တော်အားနည်းချက်က အသက်အရွယ်ကစကားပြောလာပြီမို့ လေ့လာချင်စရာများပေမယ့် လေ့လာပြီးရင် နောက်နေ့ပင်ပန်းသွားတာပါပဲ။

(၁၁) စွဲစွဲလမ်းလမ်းဖြစ်ချင်တာရှိရင် လုပ်ပါ။

ကျွန်တော်ငယ်ငယ်က ဒီ ကွန်ပျူတာကို လေ့လာအသုံးပြုနေရနေရင် ပျော်နေတာပါပဲ။ ငယ်ငယ်က ကျောင်းပြေးမယ်၊ အိမ်မကပ်ဘူး ကွန်ပျူတာရှိတဲ့နေရာအမြဲရောက်နေတာမို့အိမ်က အမေကတော့သိပ်သဘောမကျဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်စွဲစွဲလမ်းလမ်းဖြစ်နေတဲ့ ကွန်ပျူတာရယ် အချိန်အခါကျလာတဲ့အခွင့်အလမ်းရယ်ပေါင်းစပ်ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

(၁၂) တာဝန်လွဲပြောင်းတတ်ပါစေ။

ကမ်ပဏီစတင်ထူထောင်ချိန်တုန်းက ကိုယ်ကပဲ အားလုံးလုပ်ခဲ့ရတယ်။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုယ်ကပဲလုပ်ခဲ့တာပါ။ နောက်တော့ မဖြစ်ချေဘူးဆိုပြီး ကျွန်တော်လူတွေအများကြီးကိုခေါ်ယူ အင်တာဗျူးပါတယ်။ ကျွန်တော်လိုချင်တဲ့အရည်အချင်းတွေပြည့်ဝတဲ့လူမျိုးတွေကို ရွေးချယ်တယ်။ သူတို့နဲ့တွဲပြီးအလုပ်လုပ်တယ်။ အဲ့သလိုနဲ့ညီညွှတ်တဲ့အဖွဲ့အစည်းဖြစ်လာတယ်။ အရေအတွက်အရေးကြီးသလို အရည်အချင်းရှိတဲ့လူတွေကို ရွေးချယ်ဖို့လည်းလိုပါမယ်။ ဒါမှ ကိုယ်မလုပ်နိုင်တာတွေကို ခွဲဝေလို့ရမှာပါ။ ခုနောက်ပိုင်းဆိုရင် ကျွန်တော်ကိုယ်တိုင်ဝင်လုပ်တာမျိုးသိပ်မရှိတော့သလောက်ပါပဲ။ သူတို့လုပ်နေတာတွေကို နောက်ကွယ်က သုံးသပ်တာမျိုးတွေ အဓိကလုပ်ဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်လာတဲ့လူအများစုက လူကောင်းတွေ မငှားရမ်းကြဘူး။ ဒါနဲ့ကိုယ်လည်းမလုပ်နိုင်ရော လုပ်ငန်းက ကျရှုံးတော့တာပါပဲ။

(၁၃) ပြင်းပြထက်သန်စိတ်မွေးမြူပါ။ ငွေနောက်လိုက်မလုပ်ပါနဲ့။

ကျွန်တော် ၂၁နှစ်မှာ ဘီလျံနာဖြစ်လာခဲ့တယ်။ သေချာပြန်စဉ်းစားကြည့်တော့ လူတွေရဲ့ လိုအပ်ချက်ဘာလည်းဆိုတာ လိုက်ရှာရင်း ကိုယ့်ဖက်က ဘာတွေဖြည့်ဆည်းမလည်းဆိုတာ ကြံစည်ရင်း ချမ်းသာလာတာပါ။ ငွေတစ်ခုထဲကြည့်ပြီးလုပ်ခဲ့တာတော့မဟုတ်ခဲ့ပါဘူး။

(၁၄) ပြသနာတွေကို ပျော်ပျော်ကြီးဖြေရှင်းပါ။

ကွန်ပျူတာ ကုဒ်တွေကို ရေးဆွဲခဲ့တဲ့ကျွန်တော့်အတွက် ပြသနာအခက်အခဲတွေဖြေရှင်းရတာ အသားကျလို့နေပါပြီ။ ပြသနာဖြေရှင်းနိုင်တဲ့သူတွေကိုလည်း အမြဲလေးစားအတုယူခဲ့တယ်။ ခုဆို Artificial Intelligence တွေတောင် ပေါ်ပေါက်လို့လာပြီ။ တကယ့်ကို စိတ်ဝင်စားစရာကောင်းသလို ပိုကောင်းအောင်လုပ်နိုင်တဲ့လူငယ်တွေကို နည်းနည်းတောင်မနာလိုဖြစ်မိတယ်လို့ဆိုရမှာပါပဲ။

(၁၅) မိတ်ဆွေကောင်းတွေရှိပါစေ။

မိတ်ဆွေကောင်းတွေဆိုတာ ကိုယ့်ရဲ့အကောင်းဆုံးတွေကို ဖော်ထုတ်ပေးနိုင်သလို ကိုယ့်ရဲ့လိုအပ်ချက်တွေကို အားဖြည့်ပေးနိုင်ပါတယ်။ ကျွန်တော်အလုပ်တွေဘယ်လောက်များများ မိတ်ဆွေကောင်းတွေကို အချိန်ပေးဖြစ်ပါတယ်။ သူတို့ကြောင့်လည်း စိတ်ခွန်အားတွေ အများကြီးရခဲ့တယ်လေ။

(၁၆) ကိုယ့်ရဲ့အချိန်ကို စနစ်တကျစီမံခန့်ခွဲပါ။

ကုန်သွားတဲ့အချိန်တွေဆိုတာ ပြန်မရနိုင်ပါဘူး။ အချိန်ဆိုတာအကန့်အသတ်ရှိပါတယ်။ ကိုယ့်ရဲ့လုပ်ဆောင်မှုတိုင်းကို သတိရှိရှိရွေးချယ်ပြီးမှလုပ်သင့်ပါတယ်။ ဘယ်အလုပ်က တကယ်အရေးကြီးလည်း သတိရှိရပါမယ်။ ကိုယ့်အတွက် အမှန်တကယ်လိုအပ်သလား မလိုအပ်သလားဆိုတာ သိနေရမယ်။

(၁၇) ဟာသဉာဏ်ရှိပါစေ။

ဘီလ်ဂိတ်အောင်မြင်ရခြင်းရဲ့ အကြောင်းတစ်ခုဟာ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနဲ့ဟာသဉာဏ်ရွှင်လို့ပါ။ ဘယ်လောက်ပဲအလုပ်များများ ဘီလ်ဂိတ်ဟာ အပြုံးလေးနဲ့စိန်ခေါ်မှုတွေကို ကြိုဆိုရင်း ပြသနာပေါင်းများစွာကို ဖြေရှင်းနိုင်ခဲ့တာဟာ သူ့ရဲ့ဟာသဉာဏ်ကြောင့်ဆိုတာ သံသယမရှိပါဘူး။

စာဖတ်သူတွေလည်း ကိုယ်နဲ့ကိုက်ညီမယ့် စိတ်ဓာတ်နှင့်ခံယူချက်များကို အတုယူနိုင်ကြပါစေ။

Credit:ဆြာသိန်း

Comments