သူများအမြင်နဲ့မတူအောင်ရှုမြင်ပါ



+++++++++++++++++++++++++

သာမန်လူတွေနဲ့ ကြီးပွားအောင်မြင်သူတွေမှာ ကွာခြားတာတစ်ခုရှိတယ်။ သာမန်လူတွေဟာ ကိစ္စတစ်ခုခုကို ရှုမြင်ရာမှာ အများတကာမြင်တွေ့သလိုပဲ ရှုမြင်တတ်ကြတယ်။ အောင်မြင်ကြီးပွားသူတွေကတော့ လူတကာတွေ သမရိုးကျ မြင်တွေ့နေတာထက် ထူးထူးကဲကဲ ရှုမြင်တတ်ကြတယ်။ အများနဲ့မတူ ကွဲပြားတဲ့အမြင်မျိုး ရှိကြတယ်။

ရှူးဖိနပ်ထုတ်လုပ်ရောင်းတဲ့ ကုမ္ပဏီက သူတို့ရှူးဖိနပ်တွေကို ကြော်ငြာဖို့ အရောင်းသမား ၂ ယောက်ကို ကျွန်းတစ်ကျွန်းကို စေလွှတ်လိုက်တယ်။ တပတ်ကြာတော့ ၂ ယောက်စလုံး ပြန်ရောက်လာကြပြီး ကုမ္ပဏီကို သတင်းပြန်ပို့ကြတယ်။ ပထမအရောင်းသမားက ကျွန်းပေါ်မှာ ဖိနပ်ရောင်းဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်းပေါ်က လူတွေဟာ တစ်ယောက်မှ ဖိနပ်မစီးကြဘူးလို့ ပြောတယ်။ ဒုတိယအရောင်းသမားက ကျွန်းပေါ်က လူတွေဟာ တစ်ယောက်မှ ဖိနပ်မစီးကြဘူး။ ဒါကြောင့် သူတို့ကို ဖိနပ်စီးနည်း သင်ပေးလိုက်ရင် သူတို့အားလုံး ဖိနပ်တွေ ဝယ်စီးကြမှာမို့ ဧရာမဖိနပ်ဈေးကွက်ကြီးတစ်ခု ဖြစ်လာမယ်လို့ ပြောတယ်။ ပထမအရောင်းသမားမှာ သာမန်လူတိုင်းမှာ ရှိကြတဲ့ အမြင်မျိုးပဲ ရှိတယ်။ ဒုတိယအရောင်းသမားကတော့ လူအများမြင်နေကျ အမြင်ကနေ ခွဲထွက်မြင်တတ်သူပါ။

လူ ၃ ယောက် ဖြတ်သွားရင်း လမ်းဘေးမှာ ကြီးမားတဲ့ သံတုံးကြီးတစ်တုံးကို တွေ့လိုက်ကြတယ်။ ပထမလူက အဲဒီသံတုံးကြီးကို အိမ်ကို သယ်သွားပြီး ချိုင့်နေတဲ့ မြေနေရာမှာ ဖို့ဖို့ စိတ်ကူးတယ်။ ဒုတိယလူကျတော့ ပစ္စည်းဟောင်း ဝယ်တဲ့ ကုလားကို ပိဿာချိန်နဲ့ ရောင်းစားဖို့ အကြံပေါ်တယ်။ တတိယလူကျတော့ ဒီသံတုံးကြီးကို တူ၊ စို့နဲ့ ဖဲ့ယူပြီး ဇွန်း၊ ခက်ရင်း၊ ဓါးတွေ လုပ်ရောင်းလိုက်ရင် ပိုက်ဆံတွေ အများကြီး ရမယ်လို့ စိတ်ကူးတယ်။ ကျောက်တုံးကြီးကို အတူတူမြင်ကြပေမယ့် ဘာဖြစ်လို့ အမြင်တွေ မတူကြသလဲ။ အောက်မှာ ရှင်းပြထားပါတယ်။

စပိန်နိုင်ငံက ZARA ကုန်တိုက်ပိုင်ရှင် သူဌေးကြီး အာမန်ချီယိုအော်တေးဂါးရဲ့ မိသားစုဟာ ဆင်းရဲလွန်းလို့ သူ ၁၄ နှစ်သားမှာ ကျောင်းထွက်ပြီး မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်ရတယ်။ ၁၆ နှစ်သားလူပျိုပေါက်အရွယ်မှာ တနေ့ မြို့ထဲ စက်ဘီးစီးသွားရင်း ထူးခြားမှုတစ်ခုကို သတိထားမိလိုက်တယ်။ အဲဒါက အဝတ်အစားကို ကျွမ်းကျွမ်းကျင်ကျင် ချုပ်တတ်ကြပေမယ့် အလုပ်မရှိလို့ အားနေကြတဲ့ အမျိုးသမီးတွေ အများကြီးကို တွေ့မိလိုက်တာပါ။ ဒါက ဘာများထူးဆန်းလို့လဲကွာလို့ မေးစရာပါ။ ဒါပေမဲ့ သူ့မှာ သာမန်လူတွေနဲ့ မတူတဲ့ အမြင်ရှိတယ်။ အော်တေးဂါးက အဲဒီအမျိုးသမီးတွေကို စက်ချုပ်သမအသင်းလေးတွေ ထောင်ကြပြီး အဝတ်တွေ ချုပ်ကြဖို့ စည်းရုံးတယ်။ သူက အစဝယ်ပေးတယ်။ ချုပ်ခပေးတယ်။ သူကသူတို့ချုပ်ပေးတဲ့အထည်တွေကို အမြတ်ယူပြီး ဆိုင်တွေမှာ သွင်းရင်း ပိုက်ဆံအတော် ရလိုက်တယ်။ နောက်တော့ ဖက်ရှင်အဝတ်တွေရောင်းတဲ့ ကုန်တိုက်ကြီးတွေကို ကမ္ဘာအနှံ့မှာ ဖွင့်လှစ်ရင်းနဲ့ စပိန်နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး ဖြစ်လာခဲ့တယ်။ (သူ့အကြောင်း အပြည့်အစုံ သိချင်ရင် ကျွန်တော် ရေးထားတဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" စာအုပ်မှာ ဖတ်ကြည့်နိုင်ပါတယ်)။

၁၉၈၀ ခုနှစ်လောက်က ရန်ကုန်မြို့မှာ ပိုက်ဆံရှိသူတိုင်းဟာ ကားဝယ်ကြတယ်။ ဝယ်တယ်ဆိုတာက စီးဖို့ထက် အမြတ်ရရင် ပြန်ရောင်းဖို့ပါ။ သင်္ဘောသားတွေ သွင်းလာတဲ့ ဆန်နီ၊ ပါဘလစ်ကာ ပစ်ကပ်ကားလေးတွေကို ပိုက်ဆံရှိသူတွေက အလုအယက် ဝယ်ကြပြီး အမြတ်လေးနည်းနည်းရရင် ပြန်ထုတ်ရောင်းကြတယ်။ အဲဒီအချိန်မှာ လူတစ်ယောက်ဟာ ထူးထူးဆန်းဆန်း သူများတကာလို ကားဝယ်ပြီး အမြတ်နဲ့ ပြန်ရောင်းတာ မလုပ်ဘဲ ရန်ကုန်မြို့ပြင်တစ်ဝိုက်က မြေကွက်တွေ လိုက်ဝယ်တယ်။ ပိုက်ဆံရှိသူတိုင်းက ကားဝယ်ဖို့ပဲ  စိတ်ဝင်စားနေကြတာကြောင့် မြေကွက်အရောင်းအဝယ်နည်းပြီး မြေဈေးကလည်း သိတ်မကြီးသေးပါဘူး။ ၁၀ နှစ်ကြာတော့ ကားဈေးတွေ ကျလာပြီး မြေဈေးတွေဟာ အဆမတန် ဈေးတက်လာတယ်။ စောစောကပြောတဲ့ မြေကွက်တွေ ဝယ်ထားသူက မြေကွက်တွေ ပြန်ရောင်းလိုက်လို့ သိန်းပေါင်းမြောက်များစွာ မြတ်သွားပြီး မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီးတွေထဲက တစ်ယောက် ဖြစ်လာခဲ့တယ်။ သူဟာ လူတိုင်းလောက်နီးနီး ကားရူးရောဂါထနေချိန်မှာ သူများတွေ မမြင်တဲ့ အခွင့်အလမ်းကို အသုံးချပြီး ကြီးပွားချမ်းသာသွားတာပါ။

ကဲ ဟုတ်ပါပြီ။ ဒီဥပမာတွေအရ ကြီးပွားအောင်မြင်သူတွေဟာ လူအများရဲ့ သမရိုးကျ အမြင်အစွဲတွေကနေ ခွဲထွက်မြင်တတ် တွေးတတ်သူတွေ ဖြစ်တယ်ဆိုတာ လက်ခံပါပြီ။ ဒါဆိုရင် သူတို့လို မြင်တတ်အောင် ဘယ်လို လုပ်ရမလဲ။ အဓိကလုပ်ရမှာက စာဖတ်ပါ။ စာအုပ်တွေ ဖတ်ပါ။ ဘယ်လို စာအုပ်မျိုးကို ဖတ်ရမှာလဲ။ စာမျိုးစုံ ဖတ်လို့ ရပါတယ်။ ပုံပြင်၊ ဝတ္ထု၊ ဆောင်းပါး၊ အထုပတ္တိ၊ မဂ္ဂဇင်း၊ ဂျာနယ် အစုံကို ဖတ်ပါ။ စာဖတ်လို့ အမြင်အစွဲတွေ ပြောင်းလဲသွားမယ်ဆိုတာ ဖြစ်နိုင်ပါမလား။ သိတ်ကို ဖြစ်နိုင်တာပေါ့။ ဘာကြောင့် ခုလိုသေချာပေါက် ပြောနိုင်ရတာလဲ။ စာအုပ်ပေါင်းစုံမှာ ရေးထားကြတဲ့ စာရေးသူတွေရဲ့ အတွေးအမြင်၊ အယူအဆပေါင်းစုံကို ဖတ်ရတဲ့အခါ မိမိသိထားတဲ့ ခံယူထားတဲ့ အတွေးအမြင် အယူအဆတွေနဲ့ မတူ ကွဲပြားခြားနားနေတာတွေကို သတိထားမိလာလိမ့်မယ်။ မိမိရဲ့ အစွဲ အယူအဆ တစ်ချို့ဟာ မှားနေမှန်းသိလာပြီး မိမိရဲ့ အစွဲ အတွေးအမြင်တွေလည်း ပြောင်းလဲလာပါလိမ့်မယ်။

ပန်းအိုးလေးတစ်အိုးမှာ စိုက်ထားတဲ့ အရွက်တွေ စိမ်းစိုနေတဲ့ ပန်းပင်လေးတစ်ပင်ကို ကြည့်ပါ။ အဲဒီပန်းပင်လေးကို လူက ဂရုတစိုက် ရေမလောင်းဘူး၊ မြေသြဇာ ထည့်မပေးဘူး၊ နေရောင်ခြည် ပြမပေးဘူးဆိုရင် အဲဒီပန်းပင် ဘာဖြစ်သွားမလဲ။ အပင်လေးဟာ တဖြည်းဖြည်း ညိုးခြောက်ပြီး သေသွားမှာပါ။ ဒီလိုပါပဲ။ လူတွေရဲ့ စိတ်ဓါတ်ကို ခွန်အားဖြည့်ပေးမယ့် စာဖတ်ခြင်းကို မလုပ်သူဟာ လူခန္ဓာကိုယ်က သေမသွားပေမယ့် ဦးနှောက်သေသွားမှာပါ။ ဦးနှောက်သေတယ်ဆိုတာ မစဉ်းစားတတ်၊ မတွေးတောတတ်တဲ့ အကြံတုံး ဉာဏ်တုံးတဲ့လူ ဖြစ်သွားမှာကို ဆိုလိုတာပါ။ အကြံဉာဏ်တုံးနေသူဆီမှာ စောစောက ပြောပြခဲ့တဲ့ သူများတွေမြင်တာထက် သာတဲ့ အတွေးအမြင်မျိုး ပေါ်လာပါ့မလား။

ဒါကြောင့် စာမဖတ်သူဟာ သူများထက်သာတဲ့ အတွေးအမြင်မရှိနိုင်ဘူး။ အဲဒီအတွေးအမြင်မရှိသူဟာ ဘယ်လိုမှ အောင်မြင်ကြီးပွားသူ တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ လူတွေက ပြောကြတယ်။ စာမတတ်သူဟာ အကန်းနဲ့ တူတယ်တဲ့။ တကယ်တော့ စာမတတ်လို့ စာမဖတ်သူနဲ့ စာတတ်လျက် စာမဖတ်သူ နှစ်ယောက်စလုံးဟာ အကန်းတွေချည်းပါပဲ။ အကန်းဆိုမှတော့ မိမိရှေ့မှောက်မှာ ဘွားဘွားကြီးပေါ်လာတဲ့ အခွင့်အလမ်းကို ဘယ်မှာမြင်တွေ့နိုင်ကြပါ့မလဲ။ ဘီလျံနာသူဌေးကြီး အများစုဟာ အခွင့်အလမ်းတွေကို မြင်တွေ့ပြီး အမိအရဖမ်းဆုပ်ယူရင်း ချမ်းသာလာခဲ့ကြတာပါ။ သူတို့ ဘာကြောင့် အခွင့်အရေးတွေကို မြင်တွေ့ကြတာလဲ။ စာဖတ်ကြလို့ပါ။ သူတို့ဟာ နေ့စဉ်ညတိုင်း နာရီဝက်နဲ့ ၂ နာရီကြား စာဖတ်ကြတယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ရပါတယ်။

အချုပ်အားဖြင့် ပြောရရင် ကြီးပွားချမ်းသာချင်ရင် အခွင့်အလမ်းပေါ်နေတာကို မြင်တတ်ဖို့၊ သူများတွေ မမြင်တာကို မြင်တတ်ဖို့ လိုတယ်ဆိုတာကို နားလည်သဘောပေါက်စေချင်ပါတယ်။ ယနေ့ကစလို့ သူများတကာနဲ့ မတူတဲ့ အမြင်မျိုး မြင်တတ် ကြည့်တတ်အောင် မိမိကိုယ်ကို လေ့ကျင့်ပေးပါ။ စာဖတ်ပါ။ စာတွေ အများကြီးကို ဖတ်ကြပါ။

Credit:ဗန်းမော်သိန်းဖေ ၁၃-၀၁-၂၀၁၇

Comments