နန်းမတော်မိဘုရားခေါင်ကြီးစုဘုရားလတ်၏ စျာပနာ

နန်းမတော်မိဘုရားခေါင်ကြီးစုဘုရားလတ်သည် ၁၉၂၅ခု နို၀င်ဘာလ ၂၄ရက်(အင်္ဂါနေ့) မနက်၅နာရီတွင် နတ်ရွာစံခဲ့လေသည်။ မိဘုရားခေါင်ကြီး၏ မသာစရိတ်အဖြစ်ဗြိတိသျှအစိုးရကငွေနှစ်သောင်း၊ညောင်ရွှေစော်ဘွားက ၁၂ဝဝကျပ်၊ သီပေါစော်ဘွားက၁ဝဝဝကျပ်နှင့် အခြား စော်ဘွားများ၏ ထည့်၀င်ငွေပေါင်းလိုက်လျှင် စုစုပေါင်းငွေ(၂၃၂၇၅)ကျပ်ရသည်။

စုဘုရားလတ်၏ စျာပနာနှင့်ပတ်သက်၍ ဆရာမြသန်းတင့်က ” တောင်သမန်ရွှေအင်းကလေညှင်းဆော်လေတော့” စာအုပ်တွင် အောက်ပါအ တိုင်းရေးသားထားလေသည်။ …

မသာတော်အစီအစဉ်တွင် ပတ္တမြားသုံးရစ်တော်စီရွှေခေါင်း၊ ညောင်စောင်းတော်၊ ပတ္တမြားသုံးရစ်စီသလွန်တော်၊ ရွှေအိုးရွှေခွက်၊ ရွှေ ညောင်ရွက်ဆွဲထီးဖြူတော်၉လက်၊ ဖိနပ်တော်၊ ပတ္တမြားသုံးရစ်စီ ရွှေမျက်နှာဖုံး၊ ရွှေလက်ဖုံး၊ ရွှေခြေဖုံး၊ နေရာဖန်တော်ကတ္တီပါဖဲမွှမ်း၊ သင် ဖြူးကတ္တီပါကွပ်ပေါ်တွင် အလောင်းတော်တင်သည်။

မသာတော် ချမည့်လမ်းတလျှောက်ဖြစ်သော ချာချီလမ်း(ကိုယ့်မင်းကိုယ်ချင်းလမ်း) ထိုမှကန်တော်ကြီး အနောက်ဘက်၊ ထိုမှဦးထောင်ဗိုလ် လမ်း၊ ထိုမှဘုရင်မပန်းခြံ(နောင်တွင်ကန်တိုမင်ပန်းခြံ၊ ဦးဥတ္တမပန်းခြံဟုခေါ်ပြီး ယခုကန်တော်မင်္ဂလာပန်းခြံ)၌ သင်္ချိုင်းတော်သို့ ပို့ရန်ဖြစ် သည်။ လမ်းတလျှောက်တွင် ဓါတ်ရထားနှင့်လန်ချားတို့ကို လမ်းပိတ်ထားလိုက်သည်။

မသာတော်ကိုနေ့လည်၁နာရီ စံအိမ်တော်မှ ထုတ်သည်။ လူထုပရိသတ်များက ၁၁နာရီလောက်ကတည်းက လမ်းမများပေါ်တွင်ရောက်နေ ကြသည်။ မသာတော် ထွက်သည့်အခါတွင် သေနတ်အချက် ၃ဝပစ်ဖောက်၍ အလေးပြုသည်။

မသာတော်ရှေ့နောက်အစီအစဉ်မှာ

(၁) ရှေ့ဆုံးမှမြင်းစီးပုလိပ်များ၊

(၂) မိဘုရားခေါင်ကြီး၏သက်စေ့ဘုန်းကြီးများအတွက် လှူဒါန်းရန်၀ထ္ထု ပစ္စည်းတင်လှည်း၆၆စီး၊

(၃) စည်တော်၊

(၄) ရွှေချသည့်အရိုးအိုးကိုင်၊

(၅) ရွှေသိုင်း ငွေသိုင်း၊

(၆) ရွှေကျိုင်း ငွေကျိုင်း၊

(၇) ရွှေယပ်မား ငွေ ယပ်မား၊

(၈) ရွှေခက်ရင်း ငွေခက်ရင်း၊

(၉) ရွှေပခြုပ် ငွေပခြုပ်၊

(၁၀) ရွှေတကောင်း ငွေတကောင်း၊

(၁၁) ရွှေမြူတာ ငွေမြူတာ၊

(၁၂) ရွှေချပြီး ထင်းတစ်ချောင်းစီတင် ရွှေကလပ်၂ခု၊

(၁၃) တလား၊

(၁၄) ရွှေညောင်စောင်း၊

(၁၅) ညောင်စောင်းခံ၊

(၁၆) ငှက်ချေးခံဗိမာန်မျက်နှာကြက်၊

(၁၇) သန်လျင်း (တညင်း)အုပ်၊ မသာတော်တို့ဖြစ်သည်။

မသာတော်ကို စန္တယားကြိုးများနှင့် သမီးတော်နှစ်ပါး ဦးဆောင်ကာ ဆွေတော်မျိုးတော် အရင်းအချာတို့က ဆွဲယူရသည်။ သမီးတော်များက အလောင်းတော်နှင့် အနီးဆုံးနေရာတွင်နေရာယူကြသည်။ သမီးတော်တို့သည်ဘေးမှရွှေထီးမိုးပြီး လိုက်ကြသည်။ အလောင်းတော်ကိုမူ ထီး ဖြူ၈လက်မိုးထားသည်။ အလောင်းတော်ကို ဆွေတော်မျိုးတော် ၁၆ယောက်တို့က ထမ်းချရသည်။ ၎င်းတို့ဘေးမှ ရာဇ၀တ်၀န်ကလေးဦးဘ ရီနှင့် ဦးအုန်းခိုင်တို့က ပုလိပ်၂၅ယောက်နှင့်အတူ လိုက်ပါရသည်။

ဆွေတော်မျိုးတော်များနှင့် အဆောင်ကိုင်အားလုံး ပိတ်ဖြူတစ်ကိုယ်လုံး ၀တ်ဆင်ပြီး လိုက်ကြရသည်။ အလောင်းတော်၏နောက် အိမ်တော် အစေပါးများက မိဘုရားခေါင်ကြီး၏ ပစ္စည်းများကို ကိုင်ဆောင်၍ လိုက်ကြသည်။ ထို့နောက်မှ မသာတော်ကော်မတီဝင်များ၊ ထို့နောက် မသာ တော် ပိုဆောင်သူများ၊ ထို့နောက်မှ တီးမှုတ်သူများလိုက်ပါကြသည်။

ဘုရင်မပန်းခြံကိုရောက်သည့်အခါတွင် စောင့်ဆိုင်းနေကြသည့်မြန်မာပြည်ဘုရင်ခံဆာဟာကုတ်ဘတ္တလာနှင့် အခြွေအရံများ ညောင်ရွှေ စော်ဘွားကြီး ဆားစောမောင်၊ ၀က်မစွတ်၀န်ထောက်၊ ပွဲစားကြီး ဦးဖိုးသာ စသူတို့က ဆီးကြိုကြသည်။ ပန်းခြံသို့ရောက်သည့်အခါတွင် အိန္ဒိ ယ စစ်တပ်က အမြောက်ပစ်ဖောက်ရန် အလေးပြုသည်။ ရုပ်ကလာပ်ကိုလောင်တိုက်သုံးပတ်ရစ်ပတ်ပြီး သံဃာအပါး၉ဝ နှင့် သရဏဂုံတင် သည်။

ရုပ်ကလာပ်ကို သရဏဂုံတင်ပြီးနောက်တွင် ရုပ်ကလာပ်ကို မီးသဂြိုဟ်ဟန်ပြုပြီး အုတ်ဂူအတွင်းသို့ သွတ်သွင်းလိုက်သည်။ ဝက်မစွတ်၀န် ထောက်မင်းနှင့် မသာတော်ကော်မတီက ယင်းမှာ အန္တိမစျာပနမဟုတ်၊ နောက်ဆုံးသဂြိုဟ်ခြင်း မဟုတ်ကြောင်း၊ တဒင်္ဂသဘော၊ ယာယီသ ဘောသာဖြစ်ကြောင်းဖြင့် ထုတ်ဖော်ပြောဆိုကြသည်။

ctedit-Toee gyi

photo – စုဘုရားလတ် ကံကုန်စဉ်
သမီးတော် အရှင်ထိပ်စုမြတ်ဘုရားလေးနှင့် သမက်တော်ဦးကိုကိုနိုင်တို့ ကန်တော့စဉ်

Comments