Lockdown အကျိုးနှင့်အပြစ်



ကိုရိုနာရောဂါကူးစက်မှုပြန့်နှံလာတာနဲ့အမျှ Lockdown အသံတွေ ဆူညံလာပါတယ်။ ကျန်းမာ​ရေး ဘက်က
ကြည့်ရင် အသက်အန္တရာယ်ကြောင့် Lockdown
လုပ်ဖို့လိုအပ်ပေမယ့် အစိုးရဘက်ကကြည့်ရင်
အများကြီးတွက်ချက် စဥ်းစားရပါတယ်။ ဒီ့အတွက်ကြောင့် Lockdown ချခြင်းရဲ့ အကျိုးအပြစ်တွေကို အများပြည်သူများသိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

နိုင်ငံနဲ့ မြို့တော်တွေကို Lockdown ချတဲ့အခါ
လူ့အသက်တွေကို ကယ်ဆယ်နိုင်ပေမယ့် စီးပွားရေးနဲ့ စိတ်ကျန်းမာရေးထိခိုက်တတ်ပါတယ်။ Lockdown
အဆင့်တွေအများကြီး ရှိပါတယ်။

Lockdown လုပ်နည်းအဆင့်များ

၁။ အိမ်ပြင်မထွက်ရအမိန့်ထုတ်ပြန်ခြင်း
၂။ ဆေးဝါး၊ ဘဏ်၊ ဆေးရုံ၊ စားသောက်ကုန်လုပ်ငန်းများမှအပ ကျန်လုပ်ငန်းများ ပိတ်သိမ်းခြင်း
၃။ အသေးစားလုပ်ငန်းများပိတ်သိမ်းခြင်း
၄။ ပညာရေးနှင့်သုတေသနလုပ်ငန်းများ ရပ်ဆိုင်းခြင်း
၅။ ဘာသာရေးအခမ်းအနားများ ပိတ်သိမ်းခြင်း
၆။ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်း

ခုလက်ရှိလုပ်နေတာ social distancing အဆင့်ပဲ
ရှိပါသေးတယ်။ Lockdown မှာ  Drill Lockdown နဲ့
Full Lockdown နှစ်ဆင့်ရှိပါတယ်။ Drill Lockdown က ခြံဝန်းတွေထဲကမထွက်ရအဆင့်ပါ။ Full Lockdown က အိမ်ထဲက အပြင်မထွက်ရအဆင့်ပါ။ ဝူဟန်မှာ လုပ်သွားတာက Full lockdown ပါ။ တစ်ခန်းချင်းစိစစ်ပြီး ရောဂါရှိသူတွေကို ခွဲထုတ်လိုက်တာပါ။ Prevention Lockdown နဲ့ Emergency Lockdown တွေလည်းရှိပါသေးတယ်။

Lockdown ချခြင်းအကျိုး

အသက်များကို ကာကွယ်နိုင်ခြင်း

Social Distancing လို့ခေါ်တဲ့ အကွာအဝေးခြား
နေထိုင်ခြင်းဟာ covid19 ကာကွယ်ရေးမှာ
ထိရောက်မှုရှိတယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ Lockdown ရဲ့ အပျော့ပြောင်းဆုံးအပိုင်းက Social Distancing ပါ။ ထိတွေ့မှုနည်းလေ
ရောဂါကူးစက်မှုနည်းလေဖြစ်ပါတယ်။ အင်္ဂလန်ကူးစက်ရောဂါကုဆရာဝန်ကြီးမက်ဂိုမာရီက "
ကိုရိုနာဗိုင်းရပ်စ်က ကူးစက်မှုအရမ်းမြန်ပါတယ်။
လူတစ်ယောက်ကနေ အနည်းဆုံးသုံးယောက်
စကူးနိုင်ပါတယ်။ ပြီးတဲ့အခါအဆင့်ဆင့်ကူးစက်သွားပြီး Layer ဆယ်ဆင့်နဲ့ ၅၉၀၀၀ ထိ ကူးနိုင်ပါတယ်"လို့ သတိပေးထားပါတယ်။ social distancing ထက်ပိုပြင်းထန်တဲ့ Lockdown ချပြီ ဆိုတာနဲ့ ရောဂါကူးစက်မှုနည်း ကျဆင်းသွားပါတယ်။ ဝူဟန်နဲ့ မီလန်မြို့တော်တွေအခြေအနေကို ကြည့်ရင်သိနိုင်ပါတယ်။

ကျန်းမာရေးဝန်ထမ်းအပေါ်သက်ရောက်လာမယ့်
ဖိအားတွေကို ဖယ်ရှားနိုင်ခြင်း

ကူးစက်လူနာဆယ်ဂဏန်းနဲ့ ရာဂဏန်းထိန်းချုပ် နိုင်စွမ်းကွာပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ ကူးစက်လူနာ ၁၀၀ မပြည့်သေးပါဘူး။ ရန်ကုန်မှာ လူနာတစ်ဝက်လောက်ရှိပေမယ့် ဆေးရုံအနေ အထားနဲ့ ဝန်ထမ်းအင်အားအရထိန်းနိုင်ပါသေးတယ်။ မပြောကောင်းမဆိုကောင်း ထောင်ချီဖြစ်ရင် စောင့်ကြည့်လူနာနဲ့ ကူးစက်လူနာအားလုံး ထိန်းချုပ်ဖို့ခက်ပါတယ်။ ဆရာဝန်၊ဆရာမတွေ အားလုံးစိတ်ဖိစီးမှုများပြီး ကိုင်တွယ်ရခက်ခဲ
နိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်း တွေဆိုတာ နေ့စဥ် ဆုံးဖြတ်ချက်ပေါင်းများစွာ ချမှတ်နေရပြီး စိတ်ဖိစီးလို့
မရပါဘူး။ Lockdown ချတဲ့အခါ ကူးစက်မှုနှုန်း ကျဆင်းသွားတဲ့အတွက်  ကျန်းမာရေးဝန်ထမ်းတွေ ထိန်းသိမ်းနိုင်ပါတယ်။

ညစ်ညမ်းမှုတွေကို လျော့ချနိုင်ခြင်း

Lockdown ချလိုက်တဲ့အတွက် လေထုညစ်ညမ်း ခြင်း၊ ရေထုညစ်ညမ်းခြင်း နဲ့ စွန့်ပစ်ဓာတုတွေကို လျော့ချနိုင်ပါတယ်။ ကမ္ဘာအနှံအပြား social distanciing လုပ်နေတာကြောင့် ကမ္ဘာ့အိုဇုန်းလွှာ ပြန်ကောင်းလာပြီလို့ ပညာရှင်တွေက ပြောပါတယ်။ ကမ္ဘာ့မြို့ကြီးတွေမှာ ယာဥ်အသွားအလာ ကန့်သတ်ထားတာကြောင့် လေထုညစ်ညမ်းမှုတွေ လျော့ကျသွားပါပြီ။ ရန်ကုန်နဲ့ မန္တလေးမှာလည်း
ယာဥ်အသွားနည်းသွားလို့ လေထုညစ်ညမ်းမှု တွေ လျော့ကျသွားပါပြီ။ ကားအသုံးပြုမှု လျော့နည်း သွားတာကြောင့် ကမ္ဘာ့ကာဘွန်ထုတ်လုပ်မှု ထက်ဝက်ကျဆင်းသွားပါတယ်။ ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ်ကလည်း ညစ်ညမ်းမှုလျော့ချ နိုင်လို့ ရာသီဥတုဖောက်ပြန်မှုတွေ လျော့နည်း သွားမယ်လို့ဆိုပါတယ်။

အပြစ်

စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးခြင်း

Lockdown အဆင့်မဟုတ်သေးဘူး။ Social Distancing အဆင့်မှာပဲ စီးပွားရေးထိခိုက်နေပါပြီ။ စီးပွားရေးကျဆင်းမှုဟာ အနည်းဆုံး၃နှစ်ကြာနိုင်တယ်လို့ IMF ကပြောထားပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက မသိသာပေမယ့် မြန်မာလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေက သိသာပါတယ်။ Lockdown ချ လိုက်တာနဲ့ စျေးတွေ၊ ဆိုင်တွေပိတ်ရပါမယ်။ ကုန်ကြမ်းတွေ ပြတ်လတ်တဲ့အတွက် စက်ရုံတွေ ပိတ်ရမယ်။ အစိုးရဘက်က ထောက်ပံ့မှုပေးရမယ်။ လနဲ့ချီထောက်ပံ့ဖို့အတွက် အခက်အခဲရှိပါတယ်။ ငွေကြေးလည်ပတ်မှု ရပ်ဆိုင်းသွားတဲ့ အတွက် ဝင်ငွေမရှိလို့ ရိက္ခာရှိလည်း မဝယ်နိုင်တော့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေ ဘက်က ထိခိုက်သလို အစိုးရဘက်က အခွန်ငွေလည်း ကျဆင်းပါမယ်။ ကုလကလည်း covid ပြီးရင် စီးပွားပျက်ကပ်ထပ်လာမယ်လို့ သတိပေးပြီးပါပြီ။ Lockdown ကြောင့် အသေးစားစီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းရမယ်၊ အလုပ်လက်မဲ့ ဦးရေတိုးလာမယ်။ ကပ်ဘေးနဲ့အငတ်ဘေးတွဲလာမယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာ လူတစ်ဦးချင်းစီ ထောက်ပံ့နိုင်ပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ လူတန်းစားအလိုက်ပဲ ထောက်ပံ့နိုင်ပါလိမ့်မယ်။
ဒါတောင်ရေရှည်မလွယ်ပါဘူး..။ အငတ်ဘေးကြုံလာရင် ခိုးဆိုးလုနှိုက်တွေပေါလာမယ်။ ထိန်းချုပ်ရခက်ခဲနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ကြေးပေးတာ၊ အခွန်လျော့ချပေးတာတွေလုပ်ရသလို၊ တတ်နိုင်သမျှလုပ်ငန်းလည်ပတ်နိုင်အောင်
Lockdown မလုပ်ဘဲထိန်းထားရပါတယ်။

ပညာရေးစနစ်ရပ်ဆိုင်းသွားခြင်း

ခုချိန်က နွေရာသီကျောင်းပိတ်ရက်ကာလကြောင့် ပညာရေးဘက်ထိခိုက်မှု မရှိသေးပေမယ့် ဆရာ၊ ဆရာမတွေအပိုင်းမှာတော့ ပြင်ဆင်ချိန်နည်းလာပါပြီ။ သင်ရိုးသစ်တွေကြောင့် မွန်းမံသင်တန်းတွေ တက်ရမှာဖြစ်ပေမယ့် ရောဂါကြောင့် မတတ်နိုင် ဖြစ်နေပါတယ်။ တစ်ချို့အတန်းတွေဆို စာမစစ်နိုင်သေးပါဘူး။ မေလသာ မပြင်ဆင်နိုင်ရင် ကျောင်းဖွင့်ချိန်နောက်ဆုတ်ရမှာပါ။ သင်ရိုးတွေကို လအလိုက်သတ်မှတ်ထားလို့ ကျောင်းဖွင့်ချိန် နောက်ကျရင် အားလုံးအခက်အခဲတွေ ဖြစ်နိုင်ပါတယ်။ အင်တာနက်နဲ့ရုပ်သံက သင်ကြားရင်လည်း အခက်အခဲတွေရှိနေပါသေးတယ်။ ဝေးလံနဲ့ဒေသက ကလေးတွေရဲ့ ပညာရေးထိခိုက်နိုင်ပါတယ်။ e-learning အတွက် လိုအပ်ချက်များပါတယ်။ ကွန်ပျူတာနဲ့မြန်နှုန်းမြင့် အင်တာနက်တွေ လိုပါတယ်။ အခြေခံပညာကနေ အဆင့်မြင့်ပညာအထိ digital ဖြစ်ဖို့လိုပါတယ်။ ebook တွေ အများအပြားလိုပါတယ်။ မိဘရှိတဲ့သူတွေက ပြဿနာမဟုတ်ပေမယ့် မိဘမဲ့ကလေးတွေ အတွက် အင်တာနက်ကတစ်ဆင့်ပညာသင်ဖို့ ခက်ခဲလှပါတယ်။ Lockdown ကလည်း ရောဂါ ကူးစက်မှုအပေါ်ကြာမြင့်နိုင်လို့ မှန်းဆလို့မရပါဘူး။ ဒါကြောင့် အချိန်နဲ့တွက်ချက်လုပ်ရတဲ့ ပညာရေးလုပ်ငန်းတွေအတွက် အခက်အခဲရှိပါတယ်။ ကျောင်းသားစာရင်းကောက်ယူတာ၊ ကျောင်းသုံးဖတ်စာအုပ်ဝေတာတွေ အခက်အခဲ ဖြစ်နိုင်ပါတယ်။ အခန့်မသင့်ရင် ကျောင်းသားအားလုံးတစ်နှစ်အောက်သွားနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်း

Lockdown ချလိုက်တဲ့အတွက် အိမ်ထဲက အိမ်ပြင်မထွက်ရတော့ပါဘူး။ အိမ်မှာနေသားကြတဲ့ လူတွေက ပြဿနာမရှိပေမယ့် အပြင်သွားနေကြ လူတွေကတော့ ပြဿနာရှိပါတယ်။ စားဝတ်နေရေးပူပန်နေရတဲ့သူတွေဆိုရင် ထောင်ထဲမှာနေရတာထက်ပိုဆိုးလိမ့်မယ်။ စိတ်ပူပန်မှုနဲ့ စိုးရိမ်မှု တိုးပွားလာမယ်။ မတွေးသင့်တာတွေ တွေးပြီး
မလုပ်သင့်တာတွေလုပ်လာမယ်။

Lockdown ကာလဆိုတာ စစ်အာဏာရှင်လက်အောက်မှာ နေသားကျလာတဲ့ မြန်မာပြည်သူတွေအတွက် ပြဿနာမရှိပေမယ့် ဒီမိုကရေစီ နိုင်ငံတွေအတွက်ပြဿနာရှိပါတယ်။ ညမထွက်ရအပါအဝင် တင်းကျပ်တဲ့စည်းကမ်းတွေအောက်မှာ နေရမှာပါ။ Lockdown ကာလဟာ စားဝတ်နေရေးပြေလည်နေသူတွေအတွက် ပြဿနာမရှိပေမယ့် အခြေခံလူတန်းစားအတွက် ထောင်ထက်ပိုဆိုးပါတယ်။

Lockdown ကာလရှည်ကြာနိုင်ခြင်း

ရောဂါကူးစက်မှုပြန့်နှံ့မှာစိုးရိမ်လို့ Lockdown ချပေမယ့် ပြန်ဖွင့်မယ့်အချိန်မှန်းရခက်ပါတယ်။ Lockdown ချပေမယ့် ကူးစက်မှုက ရှိနေဦးမှာပါ။ အစိုးရတွေက ပြည်သူတွေစိတ်မပူဖို့ ရက်တိုသတ်မှတ်ထားပေမယ့် တဖြည်းဖြည်းသက်တမ်း တိုးသွားမှာပါ။ Lockdown လုပ်ချိန်ကြာတဲ့အထိ ခံနိုင်ရည်ရှိဖို့လိုပါတယ်။ ဝူဟန်ရဲ့ Lockdown ကာလက နှစ်လကျော်ကြာပါတယ်။ ရောဂါလုံးဝ ကင်းဆင်သွားတဲ့အဆင့်တော့မဟုတ်ပါဘူး။ Lockdown လုပ်ရင် ရောဂါကူးစက်မှု ကျဆင်းသွားမယ်ဆိုပေမယ့် ရောဂါပျောက်ကင်းသွားတာ မဟုတ်လို့ ထပ်ကျော့ Lockdown တွေ လာဦးမှာပါ။

Lockdown အကျိုးဆက်

စီးပွားရေးသမားမှာတော့ lockdown ချရင် delivery service တွေ ရှိဦးမှာပဲဆိုပြီး ပြင်ဆင် ထားတာတွေရှိပါတယ်။ အိန္ဒိယမှာတော့ delivery ပို့တဲ့သူတွေ ရောဂါဖြန့်ဝေသူဖြစ်မှာ စိုးရိမ်လို့ အစိုးရက တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ ကန့်သတ်လုပ်ကိုင်စေပါတယ်။ Lockdown ကြောင့် အလုပ်လက်မဲ့ထောင်နဲ့ချီ တိုးသွားပါတယ်။ ပန်ဂျတ်ပြည်နယ်ဆိုရင် ဆေးဝါးတွေ ပြတ်လတ်ကုန်ပါပြီ။ စားသောက်ကုန်လုပ်ငန်းတွေ ခွင့်ပြုထားပေမယ့် သွားလာခွင့်ပိတ်ထားလို့ လုပ်ငန်းလည်ပတ်ဖို့ခက်ခဲပါတယ်။ lockdown ကြောင့် ကုန်စျေးနှုန်းလည်း မြင့်တတ်နိုင်ပါတယ်။ များလာရင် ဆင်းရဲနွမ်းပါးသူတွေကို ရောဂါထိန်းချုပ်ရေး စခန်းကမ့်တွေနဲ့ထားရပါလိမ့်မယ်။ အိန္ဒိယမှာ ကမ့် ၄၀၀၀ လောက်ကို အစိုးရက တာဝန်ယူ ကျွေးနေရပါပြီ။

အချုပ်

မြို့တစ်မြို့ Lockdown အတွက် ကျန်းမာရေးဝန်ထမ်းအပြင် တပ်မတော်အကူအညီလည်း လိုအပ်ပါတယ်။ ဘဏ္ဍာရေးတောင့်တင်းဖို့လည်း လိုပါတယ်။

Lockdown လုပ်ရတာ ထင်သလောက် မလွယ်ကူပါဘူး။လတ်တလော ဆေးရုံနဲ့အိမ် Lockdown တောင် ထွက်ပြေးတဲ့လူတွေရှိပါတယ်။ မြို့ Lockdown ရဲ့အကျိုးဆက်တွေက ထိန်းချုပ်ရခက်ပါတယ်။

အစိုးရမှာလည်း သတ်မှတ်နှုန်းရှိမှာပါ။
စိုးရိမ်အဆင့်ရောက်လာရင် Lockdown ချမှာ သေချာပါတယ်။ ဆယ်ဂဏန်းလောက်နဲ့ Lockdown ချမှာမဟုတ်ပါဘူး။ Lockdown ချတာနဲ့ လူသန်းနဲ့ချီကိစ္စတွေကို တာဝန်ယူရပါတော့မယ်။ ဘယ်ကိစ္စမဆို အကျိုးအပြစ်ရှိပါတယ်။ အစိုးရပိုင်းကလည်း အခြေအနေအချိန်ခါ တွေးဆနေပါလိမ့်မယ်။ run လို့ရတဲ့အထိ ဆက်run သွားမှာပါ။ Lockdown ချလည်း ပြဿနာက ချက်ခြင်း ပြေလည်သွားမှာမဟုတ်ပါဘူး။ Lockdown ကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ထိန်းသိမ်းနိုင်ရင် Lockdownချလို့ရပါပြီ။

ပြည်သူတွေအတွက်ကတော့ ရောဂါပျောက်ဆေးနဲ့ကာကွယ်ဆေးပေါ်မှပဲ အဆင်ပြေပါလိမ့်မယ်။

ဘေးဘဝါတွေ ဝေးကွာကြပါစေ

ဆောင်းပါးရှင်
ဝေလင်း

ကျေးဇူးပြုပြီး copyယူသုံးရင်
credit ပေးပါ

Comments